Monday, January 15, 2018

၂၀၁၈ ခုနှစ်၊ ဆောင်းရာသီနှင့် နွေရာသီကာလများတွင် ဖြစ်ပေါ်လာနိုင်သည့် လာနီညာ အခြေအနေသတင်း

၂၀၁၈ ခုနှစ်၊ ဆောင်းရာသီနှင့် နွေရာသီကာလများတွင် ဖြစ်ပေါ်လာနိုင်သည့် လာနီညာ
အခြေအနေသတင်း
================================================
(၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့ ထုတ်ပြန်ချက်)
(က) အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ လာနီညာအခြေအနေ၌ ဆက်လက်တည်ရှိ နေပါသည်။ လာနီညာဖြစ်ပေါ် မှုခန့်မှန်းသည့် သင်္ချာပုံစံမော်ဒယ်များအရ ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလအထိ လာနီညာဖြစ်ပေါ်မှု ရာခိုင်နှုန်းမှာ ၉၇% အထိရှိနေပြီး၊ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ- ဖေဖော်ဝါရီလ- မတ်လတွင် ၈၅%၊ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ- မတ်လ-ဧပြီလတွင် ၆၃% သို့ ပြန်လည်လျော့ ကျနိုင်ကြောင်း နိုင်ငံတကာ ပစိဖိတ်သမုဒ္ဒရာပင်လယ်ရေမျက်နှာပြင်အပူချိန် လေ့လာစောင့်ကြည့်ရေး ဗဟိုဌာနများမှ ထုတ်ပြန်ထားပါသည်။
(ခ) လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုး သက်ရောက်မှုမှာ ယေဘုယျအားဖြင့် ဆောင်းရာသီကာလ အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဆောင်းရာသီ ကာလ အရှေ့မြောက်မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန် အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ပါသည်။
(ဂ) လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက် ထုတ်ပြန် ပေးပို့သွားမည် ဖြစ်ပါသည်။

No comments:

Post a Comment